အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Tuesday, May 21, 2013



လှပတဲ့ရသ

အပြစ်ရှိရင်လဲ
အချစ်နဲ့ကြည့်၇မယ်

အခက်အခဲဆိုတဲ့ချောက်ကို
လက်တွဲလို့လျှောက်တော့
သက်ခြောက်ပင်က ရွက်နုဝေ
ဖုန်းဆိုမြေက အိုအေစစ်
အချစ်ဆိုတဲ့တေးဂီတ
လှပတဲ့ ရသတစ်ပါး
ခံစားကြည့်ကွယ်။

အကြင်နာပန်း
ညင်သာတဲ့အနမ်းတွေနဲ့
စခန်းကချစ်စဖွယ်
မောင်မယ်တို့ရဲ့ပိုရွယ်တေး။

မိုးဆက်သစ်တည်ထောင်
က်ျှလူ့ဘောင်ပွင့်သစ်ဖြိုးစေတော့
အမိုး၏ဂုဏ်ကိုစောင့်
မောင့်ဂုဏ်မယ့်ဂုဏ်မြင့်
အတင့်အတယ်နဲ့
အပွင့်တွေကြွယ်ကြွယ်လျှမ်းအောင်
လှမ်းကြတော့လေး။
တင်မိုး
၁၆.၁.၁၉၉၁


ညီမလေးကိုလည်း လှစေချင် ကမ္ဘာကြီးကိုလည်းလှစေချင်
ညီမလေးကို လှစေချင်လွန်းလို့
အကောင်းဆုံး အလှပြင်ဆိုင်ကို လိုက်ပို့ပေးမယ်
အလှဆုံး ဆံပင် ပုံစံလည်း ပြင်လို့ရတယ်
မျက်လုံးမျက်ခုံး မျက်တောင် နူတ်ခမ်း သွား
အသားအရေ လက်သည်း ခြေသည်း
ညီမလေး တစ်ကိုယ်လုံးကို
ပြစ်မိုးမှဲ့မထင် လှအောင် ပြင်လို့ရတယ်
အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာ ထွင်ထားတဲ့
အလှဆုံးဝတ်စုံ အသင့်ရှိတယ်
အဖိုးတန်ဆုံး လက်ဝတ်ရတနာတွေဆင်မြန်းပေးမယ်
ညီမလေးကို လှစေချင်သလို
ကမ္ဘာကြီးကိုလည်း လှစေချင်ပါတယ်
ကမ္ဘာကြီးကို အလှပြင်ဖို့
အလှပြင်ဆိုင်က ဘယ်မှာလဲ
ပါရီမှာလား ကိုပင်ဟေပင်မှာလား ဒူဘိုင်းမှာလား
ဘယ်မှာမှ မရှိဘူး
ငါတို့ရဲ့ အသိဥာဏ်ပညာမှာ
ငါတို့ရဲ့ စိတ်ကောင်းစေတနာမှာပဲရှိတယ်
စစ်နဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့
ရောဂါဘယတွေနဲ့ ဆင်းရဲချမ်းသား ကွာဟမူတွေနဲ့
ကမ္ဘာကြီးခမျာ အကျည်းတန်လှပြီ
ကမ္ဘာကြီးကို အလှမွေးငါးတစ်ကောင်လို လှစေချင်တယ်
တောနဲ့ တောင်နဲ့ ကောင်းကင်နဲ့ ပင်လယ်နဲ့
နေရောင် လရောင် ကြယ်ရောင်တွေနဲ့
ရေတံခွန်နဲ့ သက်တံနဲ့
ကျေးငုက်ကလေးတွေရဲ့ ချစ်စဖွယ် ဂီတသံနဲ့
သန့်စင်တဲ့ လေထုနဲ့
ရေကောင်းရေသန့်တွေနဲ့
ပန်းရနံတွေ သင်းပျံ့လို့
ငါတို့ရဲ့ သားသမီး မြေးမြစ်တွေ ခောတ်အထိ
ကမ္ဘာကြီးကို အလှမပျက်ဘဲ ရှိစေချင်တယ်
ငါတို့ရဲ့ တိုင်းပြည်နဲ့ လူမိုးကို လှစေချင်တယ်
တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို လှစေချင်တယ်
ဧရာဝတီမြစ်ကြီးကို လှစေချင်တယ်
ညီမလေးကိုလည်း လှစေချင်တယ်
ကမ္ဘာကြီးကိုလည်း လှစေချင်တယ်။ ။


မန္တလေး
မန္တလေးဆိုတာ
တစ်ခါက
ငါ တယုတယစီးခဲ့ရတဲ့ ဖိနပ်တစ်ရန်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါ ခက်ခက်ခဲခဲသောက်ခဲ့ရတဲ့ ဘီယာတစ်ခွက်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါစွဲလမ်းနှစ်သက်ခဲ့ရတဲ့ ရမ်အရက်တစ်ပုလင်းပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါကျကျနနဝတ်ခဲ့ရတဲ့ ရှပ်အင်္ကျီတစ်ထည်ပေါ့။
ခုတော့
မန္တလေးဆိုတာ
မိဘစကားကို မလွန်ဆန်နိုင်လို့
ချမ်းသာတဲ့ယောက်ျားကို မနှစ်သက်ဘဲယူခဲ့ရတဲ့
ရိုးရိုးအအ မိန်းကလေးတစ်ယောက် ဖြစ်နေပါပေါ့လား။
လှသန်း


သီးချင်း ၃ ပုဒ်
ဒီည သီချင်း ၃ ပုဒ် နားထောင်ဖြစ်တယ်
ဂျွန်လင်နွန်ရဲ့ ‘စိတ်ကူးနိမိတ်ပုံ’
“ကမ္ဘာကြီးကို မျှဝေခံစားကြမယ်” တဲ့
ဖရက်ဒီမာကြူရီိရဲ့ “မေတ္တာတရားက ကိုယ့်ဘဝ”
ဘော့ဒိုင်လန် ရဲ့ ‘ဒီအချိန်မှာ သူတို့ပြောင်းလဲရလိမ့်မယ်’
သီချင်းတွေနဲ့ နေရတာ စိတ်ချမ်းသာစရာ။

လူအတွက်လူ

လူအတွက်လူ
လူတွေကို လူတွေက မကူညီရင်
ဘယ်နတ်က လာကူညီမှာလဲ
လူတွေကို လူတွေက မစောင့်ရှောက်ရင် ဘယ်ဂြိုလ်သားက လာစောင့်ရှောက်မှာလဲ လူလားမမြောက်ခြင်းများ
လူစဉ်မမမီခြင်းများ လူညွန့်တုံးခြင်းများ
လူဖြစ်ရူံးခြင်းများ ထိုလူများ မသေဆုံးမီ လူကို လူချင်း ကူညီကြစမ်းပါ
 လူကို လူချင်းစောင့်ရှောက်ကြစမ်းပါ။
သင် လူတစ်ယောက်ဖြစ်ခဲ့တာ သေချာချင်တယ်ဆိုရင့်ပေါ့။
။(လှသန်း။ ကြည်မောင်သန်း။ ပွဲသိမ်းတေးသံကဗျာစု)

ကျွန်တော်ဖတ်ဖြစ်တဲ့ ကဗျာလေးတွေ။

ကိုယ်တွေ့ ကျွန်တော်ဟာ မာသာထရီဇာလောက် လူသားတွေကို ကရုဏာ မထားနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကိုယ့်အမှားနဲ့ ကိုယ်နေထိုင်ပါတယ် ကိုယ့်တရားနဲ့ ကိုယ်နေထိုင်ပါတယ် အဲဒါဟာ ကျွန်တော်ရဲ့ ယဉ်ကျေးမူပေါ့ တခို့တွေ တိုက်မရှိလို့ အားငယ်ရ ကားမရှိလို့ အားငယ်ရ ဖုန်းမရှိလို့ အားငယ်ရ စားစရာမရှိသူ ငယ်စရာ အားမရှိ လိုအပ်ချက်တွေနဲ့ လူ့အဖြစ် ယင်လုံအိမ်သာလည်းလိုအပ် ကွန်ပူတာလည်းလိုအပ် ဗေဒင်ယတြာလည်းလိုအပ် “အပ်အပ်စပ်စပ်လုပ်ကြ” တဲ့ ရှင်ဇနကာဘိဝံသ မိန့်တော်မူတယ် ဖြစ်နေတာတွေက မအပ်မစပ် ငွေတစ်ကျပ်နဲ့ စိန်နားကပ်ပန်ချင်သူလည်းရှိ သနားလို့ရေပေးခိုးတာ ဆပ်ပြာခိုးသွားသူလည်းရှိ ရောဂါကိုမွေးစားပြီး သမားကိုဝေးဝေးရှောင်သူလည်းရှိ ဘယ်လိုလုပ်ကြမလဲ ကိုယ့်အနုပညာနဲ့ကိုယ် သေချာပြီးမှတော့ ကြောငြာမလို တွေ့ဆုံမေးမြန်းခန်းမလို ခေါင်းပန်းလှန်နေစရာမလို မလို………..မလို……….မလို….. ကိုယ်တွေ့။ ။

Wednesday, May 8, 2013

မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါးကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ်အကိုးကို မရှာတတ်။ ခပ်သိမ်းသော အရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်လွတ်ကင်း၏။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း ၊ ချစ်ခြင်း ထိုသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသသည် အမြတ်ဆုံး။
ဓလေ့ထုံးစံကို အစိတ်စိတ် အမြွှာမြွှာခွဲပစ်ခဲ့ပြီး ကျွန်တော့်ဟာ ဘဝအပေါ်မှာ အကြွေးတစ်ဝက်မရှိခဲ့လေ ပြီးတော့ နှစ်ဦးနှစ်ဖက် နာကြည့်းမူ၊ နစ်နာမူ မထိမဲ့မြင် ပြုပြင်မူတွေအပေါ် ထည့်သွင်းစဉ်းစား ခဲ့တာ ဘာမှမရှိပါ။ မာယာကော့စ်စကီး။ ။